လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်အတွက်အကျိုးအမြတ်ကိုပဲ ကြည့်မပေါင်းရဘူးဆိုတာ မှန်ပေမယ့် အခုပြောပြမယ့် လူမျိုးတွေကိုတော့ ကိုယ့်ရဲ့ဘဝ ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့ မသင့်တော်ပါဘူးနော်။ ဒါဆို မိမိဘဝထဲက ရှင်းထုတ်လိုက်သင့်တဲ့လူတွေက ဘယ်လိုလူတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။
(၁) လေးစားမှုမရှိတဲ့သူ
ဘယ်လောက်ပဲ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတဲ့လူနှစ်ယောက်ဖြစ်ပါစေ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှုမရှိရင်တော့ အဲ့ဒီဆက်ဆံရေးက အချိန်မရွေးပြတ်တောက်သွားနိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ တန်ဖိုးတစ်ခုဆိုတာရှိသလို လူလူချင်းလေးစားတက်တဲ့ အလေ့အကျင့်ကလည်း တကယ့်ကိုကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ဘယ်လောက်ပဲ လေးစားမှုရှိစွာဆက်ဆံနေပါစေ ကိုယ့်အပေါ် Respect မရှိဘူးဆိုရင်တော့ အဲ့ဒီလူနဲ့ ပြောဆိုဆက်ဆံရာမှ ာတကယ့်ကို စိတ်အနှောက်ယှက်ဖြစ်ရတာကြောင့် လေးစားမှုကိုနားမလည်တဲ့သူတွေကို ကိုယ့်ဘဝထဲက ရှင်းထုတ်လိုက်တာကောင်းပါတယ်။

(၂) အကျိုးမြတ်ကိုပဲကြည့်ပြီးပေါင်းသင်းတတ်သူ
အပေါ်မှာပြောခဲ့သလိုပါပဲ ပေါင်းသင်းဆက်ဆံရေးမှာ အကျိုးမြတ်ကိုကြည့်ပြီးပေါင်းမယ်ဆိုရင် ရေရှည်မှာဘယ်လိုမှ အဆင်မပြေနိုင်သလို အဲ့ဒီလူနဲ့သင်နဲ့ကြားက ခင်မင်ရင်းနှီးမှုကလည်း အကျိုးအမြတ်တွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ ဒီလိုလူတွေက သင့်ထက်အကျိုးအမြတ်ပိုရတဲ့သူတစ်ယောက်တွေ့ရင် အလွယ်တကူပဲ သင့်ကိုပစ်ခွာသွားမှာပါ။ ဒါကြောင့်ဒီလိုအကျိုးအမြတ်ကိုကြည့်ပြီး ပေါင်းသင်းတတ်သူတွေကို ဘဝထဲကရှင်းထုတ်ဖို့ အကြံပြုလိုပါတယ်။

(၃) စကားရှုပ်တတ်သူ
လူတစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်သွားအောင် ကြားထဲကသွေးထိုးလှုံဆော်တတ်သူတွေဟာ တကယ့်ကို စိတ်ထားအားဖြင့် ရုပ်ညံ့သူတွေလို့ဆိုရပါမယ်။ မနာလိုလို့ပဲဖြစ်စေ သူနဲ့တခြားလူတစ်ယောက်ရဲ့ ဆက်ဆံရေးကောင်းမွန်နေတာကို ကြည့်မရလို့ဖြစ်စေ ဗီဇကြောင့်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်နဲ့တစ်ယောက် စကားတွေဟိုပို့ဒီပို့ လုပ်တတ်သူတွေဟာ သွေးထိုးရန်တက်ပေးတတ်တဲ့ မကောင်းတဲ့စိတ်ဓာတ်ရှိသူတွေဖြစ်တာကြောင့် ဘဝထဲကရှင်းထုတ်သင့်တဲ့ လူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

(၄) စိတ်ညစ်စရာတွေသယ်လာတတ်သူ
လူတိုင်းလူတိုင်းမှာ စိတ်ညစ်စရာဆိုတာ ကိုယ်စီရှိတတ်ကြတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့လည်း အမြဲလိုလို ပြဿနာတစ်ခုမဟုတ်တစ်ခုရှိနေပြီး အချိန်တိုင်းစိတ်ညစ်နေတတ်တဲ့သူတွေကလည်း လောကမှာတစ်ပုံကြီးရှိပါတယ်။ ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သူတို့ဆီက မရိုးနိုင်လွန်းနဲ့ပြဿနာတွေကို အမြဲကြားနေရပြီး ကိုယ့်ကိုယ်ကိုအပူတွေလာပြီး ကူးစက်စေပါတယ်။ ကိုယ့်ရဲ့အပူတွေကိုပဲ ငြီးငြူတတ်ပြီး တစ်ဖက်လူနားထောင်ချင်မှန်းမသိ ထောင်ချင်မှန်းမသိပြောနေတက်တဲ့ တစ်ကိုယ်ကောင်းသမားတွေကို ဘဝထဲက ရှင်းထုတ်လိုက်ပါ။

Lifestyle_Myanmar
ref-entrepreneur.com