လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် ကိုယ်က ပေါင်မှာ အဆီများနေသူတစ်ယောက်ဆိုပါစို့။ ဘယ်လေ့ကျင့်ခန်းက ပေါင်ကအဆီတွေကိုကျဖို့ ကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး။ ဒီနေ့မှာတော့ အဆီကျပြီး ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်စေဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားပေါ်မူတည်ပြီး ရွေးချယ်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေကို ပြောပြပေးချင်ပါတယ်။
(၁) လမ်းလျောက်ခြင်း
လမ်းလျောက်ခြင်းလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ကျစ်လစ်သွယ်လျစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ခြေသလုံးနဲ့ ပေါင်မှာရှိတဲ့ အဆီတွေကို အလျင်မြန်ဆုံးကျစေမှာဖြစ်သလို လက်မောင်းတစ်ဝိုက်က အဆီတွေကိုလည်းကျစေပါတယ်။ အဓိကအားဖြင့် လမ်းလျောက်လေ့ကျင့်ခန်းဟာ ခြေထောက်နဲ့လက်မောင်း ကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

(၂) ယောဂကစားခြင်း
ယောဂလေ့ကျင့်ခန်းဟာလည်း အဆီကျဖို့ အထိရောက်ဆုံးကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်သွယ်လျလှပတဲ့ ဘော်ဒီမျိုးပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ပခုံးနဲ့ ခြေထောက်တစ်ဝိုက်က အဆီတွေကို အလျင်မြန်ဆုံး ကျချင်တယ်ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ အဓိကအားဖြင့် ယောဂလေ့ကျင့်ခန်းက ပခုံး ဝမ်းဗိုက်နဲ့ ခြေထောက်ကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

(၃) တင်းနစ်ရိုက်ခြင်း
တင်းနစ်ကစားနည်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားပြုလုပ်ပေးရတဲ့ ကစားနည်းတစ်ခုဖြစ်တဲ့အတွက် အဆီပိုတွေအမြန်ဆုံး လောင်ကျွမ်းစေပါတယ်။ တင်းနစ်ကစားနည်းက လက်မောင်းအားကိုအသုံးပြုပြီး ကစားရတာကြောင့် လက်မောင်းကြွက်သားတွေကို သန်မာစေတဲ့အပြင် ပြေးလွှားပြီးကစားရတဲ့အတွက် ခြေထောက်နဲ့ပေါင်ကအဆီတွေကိုလည်း ကျစေပါတယ်။ အဓိကအားဖြင့် တင်းနစ်ကစားနည်းက ခြေထောက် ပခုံးနဲ့ လက်မောင်းတစ်ဝိုက်က ကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

(၄) ရေကူးခြင်း
ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ အဆီတွေကို အမြန်ဆုံး ကျချင်တယ်ဆိုရင်တော့ ရေကူးခြင်းလေ့ကျင့်ခန်းက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းက မြန်မြန်ဆန်ဆန်ပဲ အဆီကျစေတဲ့အပြင် ခန္ဓာကိုယ်ကြွက်သားတွေ သန်မာလာအောင်လည်းကူညီပေးပြီး ရင်အုပ်နဲ့ ပခုံးကြွက်သားတွေကို ကျယ်ကားလာစေပါတယ်။ အဓိကအားဖြင့် ရင်ဘတ် လက်မောင်းနဲ့ ကျောအပေါ်ဘက်က ကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

(၅) စက်ဘီးစီးခြင်း
စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ကြသူအများစုဟာ ခန္ဓာကိုယ်မှာအဆီပိုတွေကင်းစင်ပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်လေ့ရှိကြပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းကလည်း အချိန်တိုအတွင်း အဆီတွေပိုမိုလောင်ကျွမ်းဖို့ ကူညီပေးပြီး ပေါင်နဲ့ တင်ပါးတစ်ဝိုက်က အဆီကိုအထိရောက်ဆုံးကျစေပါတယ်။ အဓိကအားဖြင့် ခြေသလုံး ပေါင် နဲ့တင်ပါးကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar
ref-verywellfit