တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အပြုအမူတွေက လူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ စိတ်ပျက်စရာဖြစ်နေတတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့လူတွေကတော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို မသိကြပါဘူး။ ဒီနေ့မှာတော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်ပျက်သွားစေမယ့် အပြုအမူတွေကို သတိထား ရှောင်ကျဉ်မိစေဖို့ အရေးကြီးတဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။
(၁) ကြွားဝါတတ်ခြင်း
ဘယ်သူမှ ကြွားဝါတတ်တဲ့အကျင့်ကို မကြိုက်ကြပါဘူး။ ကိုယ့်မှာ လူအထင်ကြီးစရာအရာတွေဖြစ်တဲ့ ကားအကောင်းစား နောက်ဆုံးပေါ်ဖုန်း ငွေကြေးဥစ္စာ စသည့်ဖြင့် ဒီလိုအရာတွေရှိနေရင်တောင် သိုသိုသိပ်သိပ်ပဲ နေသင့်ပါတယ်။ လေကြီးလေကျယ်နဲ့ ကြွားဝါတဲ့စကားလုံးအကြီးကြီးတွေက ကိုယ့်ပတ်ဝန်းမှာရှိတဲ့လူတွေကို စိတ်ပျက်သွားစေမှာအမှန်ပါပဲ။

(၂) ဆိုရှယ်မီဒီယာကို အထာကျကျမသုံးခြင်း
ယနေ့ခေတ်မှာ လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်သိကျွမ်းလာတာနဲ့အမျှ ဆိုရှယ်မီဒီယာအကောင့်တွေလည်း အပြန်အလှန်အပ်လာကြပါတယ်။ ဆိုရှယ်မီဒီယာဆိုတာကလည်းကိုယ့်ရဲ့ Profile တစ်ခုဖြစ်တာကြောင့် ကိုယ့်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း သုံးသင့်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ စာတွေအများကြီးရေးခြင်း သူများ Post တွေအောက်မှာ အဆိုးမြင်ဝါဒီတွေပါတဲ့ Comment တွေရေးသားခြင်း စတဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။

(၃) အချိန်တိုင်းငြီးငြူနေခြင်း
လူတိုင်းမှာ ပူပင်သောကဆိုတာ ရှိကြစမြဲပါ။ ဒါပေမဲ့ သူတစ်ယောက်ထဲမှာပဲ ပူပင်သောကတွေရှိနေသလိုမျိုး အချိန်တိုင်းမငြီးငြူနေသင့်ပါဘူး။ ဘယ်အချိန်တွေ့တွေ့ ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေသလို ငြီးငြူနေခြင်းဟာ တခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသလို ကိုယ်နဲ့လည်း နောက်ထပ် ပတ်သက်ဆက်ဆံချင်တော့မှာ မဟုတ်ပါဘူး။
(၄) အတင်းပြောခြင်း
လူတစ်ယောက်ရဲ့နောက်ကွယ်မှာ အဲ့ဒီလူအကြောင်းပြောဆိုခြင်းက တကယ့်ကိုအထင်သေးစရာပါ။ သင့်အနေနဲ့ တခြားသူကို သူများအကြောင်းအတင်းအနေနဲ့ ပြောမယ်ဆိုရင် သင်ပြောလိုက်တဲ့လူတစ်ယောက်က အားနာပါးနာ နားထောင်ပေးကောင်း ပေးပါလိမ့်မယ်။ ဒါပေမယ့် သူများအကြောင်း နောက်ကွယ်မှာပြောနေတဲ့သူတစ်ယောက်အဖြစ်နဲ့ သင့်ကိုအများကြီး စိတ်ပျက်အထင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် အတင်းပြောခြင်းကိုလည်းအတတ်နိုင်ဆုံး ရှောင်ကျဉ်တာအကောင်းဆုံးပါ။

Lifestyle_Myanmar
ref-psych2go