ချစ်သူစုံတွဲတိုင်းက စက္ကန့်မလပ် တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ဂရုစိုက်ပေးနိုင်တာတော့ မဟုတ်ပေမယ့်လို့ ကိုယ် အလုပ်မရှုပ်တဲ့နေ့လေး၊ သူ နေမကောင်းဖြစ်နေတဲ့အချိန်၊ အားငယ်ဝမ်းနည်းနေတဲ့ အချိန်လေးတွေမှာတော့ ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးကြပါတယ်။ သာယာကြည်နူးဖွယ်ကောင်းတဲ့ အချစ်ရေးကလည်း တစ်ဦးတစ်ယောက်တည်းနဲ့ ဖန်တီးယူလို့ရတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်က အပေးအယူမျှနေမှ အဆင်ပြေမှာကိုး။ ဒီတစ်ခါမှာတော့ ကိုယ့်ချစ်သူက ကိုယ်နဲ့ လက်တွဲဖြုတ်ချင်ရင် ပြုမူလေ့ရှိတဲ့ အပြုအမူတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။
သင့်ပြဿနာများကို ဂရုမစိုက်တော့ခြင်း
ကိုယ် စိတ်ညစ်ရတဲ့အကြောင်းအရာလေးတွေကို သူ့ကို ရင်ဖွင့်ပြောပြလိုက်လို့ သူက ဂရုမစိုက်တဲ့ပုံပြနေရင်တော့ ဒါကကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင့်ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင်တောင်မှ သင်စိတ်ပေါ့သွားအောင်လို့ ရင်ဖွင့်တဲ့ အကြောင်းအရာလေးတွေကို ဂရုတစိုက်နားထောင်ပေးလေ့ရှိပါတယ်။

ချိန်းလိုက်တိုင်း အမြဲတမ်းနောက်ကျခြင်း (သို့) ချိန်းထားတာကို ဖျက်လိုက်ခြင်း
တစ်ခါတရံမှာ အရေးကြီးကိစ္စတွေက ဗြုန်းစားကြီးပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ခဏခဏဖြစ်နေပြီလား။ ကိုယ့်ချစ်သူနဲ့ ချိန်းထားတာကို အလုပ်ကြောင့် မလာနိုင်တာတို့၊ အမြဲတမ်းနောက်ကျမှ ရောက်လာတာတို့ တစ်ခါ၊ နှစ်ခါက ကိစ္စမရှိပေမယ့် အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ သတိထားဖို့ လိုပါပြီ။

ကြင်နာယုယချင်စိတ် မရှိတော့ခြင်း
ကိုယ်ချစ်တဲ့ လူကို ပွေ့ဖက်မယ်၊ လက်ကလေးကိုင်ထားမယ်၊ လူလစ်တုန်းလေး ခိုးနမ်းမယ် စသဖြင့် ကြင်နာယုယတာက နွေးထွေးမှု၊ ပျော်ရွှင်မှုကို ပေးစွမ်းပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်အပေါ် အရင်လို ကြင်နာယုယမှုမပေးတော့ဘူးဆိုရင်တော့ ဒါက စိုးရိမ်စရာပါပဲ။

အတူတူ အချိန်ကုန်ဆုံးချင်စိတ် မရှိတော့ခြင်း
ချစ်သူရည်းစားရယ်လို့ ဖြစ်လာပြီဆိုပေမယ့် သင့်တစ်ယောက်တည်းနဲ့ပဲ အချိန်ကုန်ရမယ်လို့တော့ မဟုတ်ပါဘူး။ သူလည်း သူ့ကိုယ်ပိုင်ဘဝဆိုတာလည်း ရှိသေးတယ်လေ။ သူ့သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတို့၊ သူ ဝါသနာပါတဲ့ အရာတွေကို ပြုလုပ်တာတို့က ပုံမှန်ပါပဲ။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ၊ သူ ဝါသနာပါတာတွေအတွက် အချိန်ပေးပြီး သင့်အတွက် အချိန်နည်းနည်းလေးမှ မပေးတာ၊ သင်နဲ့ ချိန်းတွေ့ဖို့ ငြင်းဆန်နေပြီဆိုရင်တော့ သင်တို့ နှစ်ဦးသားရဲ့ အချစ်ရေးကို သေချာစဉ်းစားဖို့ လိုအပ်နေပါပြီ။

သင့်အတွက် ထည့်မတွက်တော့ခြင်း
ကိုယ့်ချစ်သူရဲ့ လိုအပ်ဆန္ဒတွေ ထည့်မတွက်တော့ဘဲ သူ အဆင်ပြေရင်ပြီးရော သင်အဆင်ပြေ ပြေ မပြေပြေ ထည့်မတွက်တော့တာကလည်း သင်နဲ့ လက်မတွဲချင်တော့တဲ့ အနေအထားတစ်ခုပါပဲ။
လုံးဝ မယုံကြည်ခြင်း
ကိုယ့်ချစ်သူကို သံသယမျက်လုံးနဲ့ တစ်ချိန်လုံး စောင့်ကြည့်နေခြင်းက မိမိကိုယ်ကို ယုံကြည်မှုနည်းရာလည်း ကျပါတယ်။

အားလုံးလည်း သာယာကြည်နူးဖွယ်ကောင်းတဲ့ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Lifestyle_Myanmar
ref-brightside