ကလေးတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးရတဲ့ အကြောင်းရင်း (၉)ချက်

0
47
- Advertisement -

မိဘတွေအနေနဲ့ မိမိတို့ ကလေးတွေမှာ အစာစားချင်စိတ် လျော့နည်းတာကို မကြာခဏ ကြုံတွေ့ရမှာပါ။ အများအားဖြင့် အသက် ၂နှစ်မှ ၅နှစ်အကြား ကလေးတွေဟာ အစာစားချင်စိတ် လျော့နည်းတာကို ကြုံတွေ့ရပါတယ်။ သို့သော် တစ်ချို့ကိစ္စတွေမှာ ဒါက စိုးရိမ်စရာအကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ယနေ့ဆောင်းပါးကနေ ချစ်မေမေတို့အတွက် ကလေးတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးရတဲ့ အကြောင်းရင်းလေးတွေ၊ အစာစားချင်စိတ်ပြန်လည်ဖြစ်လာမယ့် အထောက်အကူပြုနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

-Advertisement-

မေမေတို့ကလေးဟာ အမြဲတမ်းပင်ပန်းနွမ်းနယ်ပြီး စိတ်တိုလွယ်လျှင် ဒါက အစာစားချင်စိတ်မရှိခြင်းနှင့် ဆက်စပ်နေနိုင်ပါတယ်။ ကလေးတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးနိုင်တဲ့ အကြောင်းရင်းအချို့ကတော့

၁။ ဖွံ့ဖြိုးမှုနှုန်း နှေးကွေးခြင်း

ဖွံ့ဖြိုးမှုအပြောင်းအလဲက ကလေးငယ်တွေရဲ့ အစာစားချင်စိတ် ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နှစ်အတွင်းမှာ ကလေးတွေဟာ လျင်မြန်စွာ ကြီးထွားလာပါတယ်။ သို့သော် အဲဒီနောက်မှာ ကြီးထွားမှုနှေးကွေးပြီး အစာနည်းနည်းပဲ စားနိုင်ပါတယ်။ ဒီကာလအတွင်း အစာစားချင်စိတ်ကျဆင်းခြင်းက ပုံမှန်ပဲဖြစ်ပါတယ်။

၂။ ဖျားနာခြင်း

ဖျားနာတာက ကလေးတွေမှာ အစာစားချင်စိတ်ကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။ အကယ်၍ ကလေးဟာ လည်ချောင်းနာခြင်း၊ အထက်လန်အောက်လျှော၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း (သို့) တခြားလက္ခဏာများ ခံစားနေရပါက ခါတိုင်းထက် အစားအသောက် နည်းနိုင်ပါတယ်။ ကလေးအများစုက နေပြန်ကောင်းလာတဲ့အခါ အစာစားချင်စိတ် ပြန်ရရှိကြပါတယ်။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက ကလေးတွေအပေါ် အစာစားချင်စိတ်ပျောက်ဆုံးခြင်းအပါအဝင် ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ကလေးဟာ အစာစားဖို့ စိတ်မဝင်စားတာ၊ အိပ်ပျော်ဖို့ ခက်ခဲနေတာကို တွေ့ရှိပါက သူတို့ စိတ်ဖိစီးမှု ခံစားနေရတာပါ။ ကလေးရဲ့ အစာစားချင်စိတ်ကို ဖြေရှင်းဖို့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းကို ဖော်ထုတ်ပါ။ စိတ်သက်သက်သာသာဖြစ်စေဖို့ လိုအပ်ပါတယ်။ ကလေးဘဝမှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းရင်းများကတော့ မိသားစုဝင်တစ်ယောက်ယောက် ကွယ်လွန်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် သေဆုံးခြင်း (သို့) မွေးချင်းမောင်နှမတစ်ယောက် မွေးဖွားခြင်း စတဲ့ မိသားစုပြဿနာများဖြစ်ပါတယ်။ အနိုင်ကျင့်ခံရခြင်း၊ ပညာရေးဖိအားနှင့် မိဘတွေရဲ့ လက်တွေ့မကျသော မျှော်လင့်ချက်များနှင့် ရင်ဆိုင်နိုင်စွမ်းမရှိတဲ့အခါ စိတ်ဖိစီးမှု ဖြစ်ပေါ်ပါတယ်။

၄။ စိတ်ကျရောဂါ

စိတ်ဓါတ်ကျခြင်းက ကလေးတွေမှာ အစာစားချင်စိတ်ပျောက်ဆုံးစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မိဘအများစုက ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာကို မှားတတ်ကြပါတယ်။ ဝမ်းနည်းတဲ့ ခံစားချက်က အချိန်နှင့်အမျှ ပျောက်သွားပေမယ့် စိတ်ကျရောဂါဟာ ကလေးကို ဝမ်းနည်းစေရုံသာမက သူတို့ရဲ့ပုံမှန်ဘဝကိုပါ ထိခိုက်စေပါတယ်။ တကယ်လို့ ကလေးဟာ အရင်ကပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ သိသိသာသာ စိတ်မဝင်စားပါက စိတ်ဓါတ်ကျတာ ဖြစ်နိုင်ပါတယ်။ အစားအသောက် အလေ့အထ ပြောင်းလဲခြင်းက စိတ်ဓါတ်ကျခြင်းကို ညွှန်ပြနိုင်ပါတယ်။

၅။ Anorexia nervosa

ဒါကတော့ စိတ်ကြောင့်ဖြစ်တဲ့ အစာစာမစားနိုင်ခြင်းဖြစ်ပြီး ဆယ်ကျော်သက်ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် လျော့နည်းပေမယ့် စားရင်ဝိတ်တတ်မှာ ကြောက်ပြီး မစားတာ၊ နည်းနည်းပဲစားတာတို့ဖြစ်ပါတယ်။ သူတို့ဟာ တတ်နိုင်သလောက် အစာမစားဘဲကြာကြာနေနိုင်ဖို့ ကြိုးစားကြပါတယ်။ စားရင်တောင် အဆီနည်းတဲ့ အစားအစာသာရွေးစားကြပါတယ်။ မျိုးရိုးဗီဇ၊ ဦးနှောက်ဓါတုဗေဒ မညီမျှမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများက Anorexia nervosa ကိုဖြစ်စေနိုင်ပါတယ်။

တကယ်လို့ မေမေတို့ကလေးက အစားအသောက်ရှောင်တာ၊ ကိုယ်အလေးချိန်ကျဆင်းနေချိန်မှာ သူတို့လုပ်သင့်တာထက်ပိုပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာဆိုရင် Anorexia nervosa ခံစားနေရနိုင်ပါတယ်။

၆။ ဆေးဝါးများ

ကလေးဟာ သိပ်မကြာသေးခင်က antibiotics ဆေးတွေ သောက်ခဲ့ရလျှင် သူတို့ရဲ့ အစာစားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ အခြားဆေးဝါးအတော်များများကလည်း အစာစားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။

၇။ သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါက ကလေးတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို ကျဆင်းစေပါတယ်။ သွေးအားနည်းရောဂါရှိတဲ့ ကလေးတွေဟာ ပင်ပန်းတာ၊ စိတ်တိုတာ၊ လုပ်ချင်ကိုင်ချင်စိတ်မရှိတာကို ဖြစ်စေနိုင်ပါတယ်။ မကုသဘဲနေရင် သွေးအားနည်းရောဂါက ကလေးရဲ့ဖွံ့ဖြိုးတိုးတတ်မှုနှင့် ကျောင်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

၈။ အူလမ်းကြောင်းမှာ သန်ထခြင်း

အူလမ်းကြောင်းရှိပိုးတွေက ကလေးတွေမှာ အစာစားချင်စိတ်ကို ပျောက်စေနိုင်ပါတယ်။ သန်ကောင်တွေဟာ ကလေးရဲ့ အစာခြေစနစ်ထဲ ဝင်ရောက်လာပြီး ကပ်ပါးကောင်းများအဖြစ်နေထိုင်ပါတယ်။ အူလမ်းကြောင်းမှ သွေးထွက်ခြင်း၊ အစာစားချင်စိတ် ပျောက်ဆုံးခြင်း၊ ဝမ်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့ သင့်အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ ရှိပါက သူတို့ကို တစ်နှစ် ၂ကြိမ် သန်ချပေးပြီး ကလေးအထူးကုရဲ့ အကြံပြုချက်အတိုင်း မေမေတို့ရဲ့ နှစ်နှစ်အရွယ်ကလေးတွေကို တစ်နစ်မှာ အနည်းဆုံး တစ်ကြိမ်လောက် သန်ချပေးပါ။

၉။ ဝမ်းချုပ်ခြင်း

အူမကြီးလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းက ကလေးတွေကို ဝမ်းချုပ်စေနိုင်ပါတယ်။ ကလေးတွေမှာ အစာစားချင်စိတ်ပျောက်ဆုံးခြင်းက ဝမ်းချုပ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
အထက်ပါအကြောင်းရင်းများအပြင် ကလေးတွေမှာ အစာစားချင်စိတ်ပျောက်ဆုံးတာက အာဏာရှင်ဆန်တဲ့ မိဘအုပ်ထိန်းမှု၊ မိသားစုအစားအသောက်၊ လူမှုစီးပွားရေး အခြေအနေ၊ အစားအသောက်အသစ်အဆန်းစားရမှာ ကြောက်ခြင်း၊ မိခင်က အစားအစာဘယ်လောက်ကျွေးသလဲ၊ ဆိုတဲ့တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးရဲ့ အစာစားချင်စိတ်ကို တိုးတတ်အောင် ဘယ်လိုလုပ်မလဲ

ကလေးတွေက သရေစာစားရတာကြိုက်ကြပါတယ်။ ဒါပေမယ့် သရေစာတွေက ကျန်းမာရေးနှင့် ညီညွတ်ပြီး အစားအသောက်လို ကောင်းတဲ့အရာဖြစ်သင့်ပါတယ်။ ဥပမာ- အသားညှပ်ပေါင်မုန့်နှင့် အာလူးကြော်တွေအစား မြေပဲယိုကို ကျွေးပါ။ မြေပဲက အစာစားချင်စိတ်ကို တိုးစေပြီး ပရိုတင်းတည်ဆောက်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်။ မြေပဲကို အခြေခံထားတဲ့ အစားအစာတွေ ကျွေးပါ။

အစာစားချိန်ရောက်တဲ့အခါ သူတို့ကို သရေစာ မစားပါစေနဲ့။ ထမင်းနှင့် သရေစာအကြား အချိန်ကွာဟမှုကို ထိန်းသိမ်းပါ။

တကယ်လို့ ကလေးက နို့သောက်ဖို့ငြင်းဆန်ပါက ဒိန်ချဉ်၊ ဒိန်ခဲနှင့် ထောပတ်ပုံစံဖြင့် သူတို့အစားအစာကို ကယ်လစီယမ်ဖြည့်စွက်ပါ။

ကလေးဟာ အစာစားချင်စိတ် လျော့နည်းလာရင် သူတို့ဘာသာ သူတို့ အစားအစာမတောင်းခင်အထိ အစားအစာနည်းနည်းစီ ကျွေးပါ။ နည်းနည်းလေးကျွေးတာက ဇီဝဖြစ်ပျက်မှုကို တိုးပွားလာစေပြီး အစာစားချင်စိတ်ကို တိုးစေပါတယ်။

ကလေးလည်းနှစ်သက်ပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို စာရင်းပြုလုပ်ထားပါ။ ကလေးစားချင်စိတ်ရှိအောင် အစားအစာကို ပြင်ဆင်ပေးပါ။

ကိုယ်အလေးချိန်တိုးစေဖို့ ကျန်းမာပြီး ကယ်လိုရီသိပ်သည်းတဲ့ အစားအစာကို ရွေးချယ်ပါ။

သံပုရာရည်၊ ဂျင်းနှင့် ရှာလကာရည်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ ကလေးရဲ့ ထမင်းပန်းကန်ထဲမှာ အရောင်စုံအောင် အစိမ်းရောင်နှင့် အခြားဟင်းသီးဟင်းရွက်တွေပေါင်းစပ်ပေးပါ။

စတော်ဘယ်ရီ၊ ပျားရည်၊ ငှက်ပျောသီး၊ ရေခဲ၊ ဒိန်ချဉ်နှင့် ဖျော်ရည်ပြုလုပ်ပေးပါ။

ကလေးရဲ့ အစာစားချင်စိတ်က ပုံမှန်မဟုတ်တဲ့ အခြေအနေမှာရှိရင် ဒီနည်းလမ်းလေးတွေဖြင့် ကြိုးစားကြည့်ပါ။ ကလေးက မစားသေးဘူးဆိုရင် နောက်ခံကျန်းမာရေး အခြေအနေရှိနိုင်တာကြောင့် ဆရာဝန်ဖြင့် ပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးတွေ အစားအသောက်မပျက်အောင် ဘယ်လိုကာကွယ်မလဲ?

သင့်ကလေးအတွက် အစားအသောက်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေလည်း ဖြစ်ရပါမယ်။

အစာစားနေချိန်မှာ ကလေးကို ဆူပူတာ၊ ကလေးနှင့်ပြိုင်ပြီး ငြင်းခုံတာတွေ မပြုလုပ်ပါနဲ့။

ကလေးရဲ့ ပုံမှန်အစာစားချိန်ကို သတ်မှတ်ပေးပါ။

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ ရွေးချယ်စားဖို့ သင့်ကလေးကို အားပေးပါ။

သင့်ကလေးကို မနက်စာ၊ နေ့လယ်စာနှင့် ညစာအကြားမှာ သရေစာတစ်ခုခုကျွေးပါ။

ရုပ်ပိုင်းဆိုင်ရာ တတ်ကြွမှုရှိဖို့ အားကစားလုပ်ခိုင်းတာ၊ ပြေးလွှားဆော့ကစားခိုင်းပါ။

သူဗိုက်မဆာသေးလျှင် အစာစားဖို့ အတင်းမကျွေးပါနဲ့။ ဒါ့အပြင် သူ့ပန်းကန်ထဲက အစားအစာကို ကုန်အောင်စားခိုင်းတာက မကောင်းတဲ့ စိတ်ကူးဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- momjunction

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here