29 C
Yangon
May 23, 2018
  • Home
  • News
  • Business News
  • မြန်မာဆန်ကုန်သည်များ၏ တရုတ်ဘဏ်အကောင့်များ အပိတ်ခံရခြင်းကြောင့် ငွေကြေးလည်ပတ်မှု ကျပ်တည်းပြီး မန္တလေးဘက်မှ တရုတ်ဘက်သို့ ဆန်တင်ပို့မှု ရပ်တန့်
Business News

မြန်မာဆန်ကုန်သည်များ၏ တရုတ်ဘဏ်အကောင့်များ အပိတ်ခံရခြင်းကြောင့် ငွေကြေးလည်ပတ်မှု ကျပ်တည်းပြီး မန္တလေးဘက်မှ တရုတ်ဘက်သို့ ဆန်တင်ပို့မှု ရပ်တန့်

တရုတ်ဘဏ်အကောင့်များ

မန္တလေးမှတစ်ဆင့် တရုတ်ဘက်သို့ ဆန်တင်ပို့ရောင်းချသည့် မြန်မာကုန်သည်များ၏ တရုတ်ဘဏ် အကောင့်များ ပိတ်ခံရခြင်းကြောင့် ငွေကြေးလည်ပတ်မှု ကျပ်တည်းကာ မန္တလေးဘက်မှ တရုတ်သို့ ဆန်တင်ပို့ ရောင်းချမှုမှာ လက်ရှိတွင် ရပ်တန့်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ကုန်သွယ် ဆောင်ရွက်ရန် စာရင်းဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို တရုတ်အစိုးရမှ ထိန်းချုပ်လိုက်ခြင်းကြောင့် တရုတ်ဘက်သို့ တင်ပို့နေသည့် ကုန်စည်စီးဆင်းမှုအပေါ် ထိခိုက်မှုများရှိပြီး မန္တလေးမှတစ်ဆင့် တရုတ်ဘက်သို့ ဆန်တင်ပို့ရောင်းချမှုမှာလည်း ယခုရက်ပိုင်းအတွင်း တင်ပို့မှုများ ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။

“အခုချိန်မှာ တရုတ်ဘက်ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုန်သွယ်မှုပြုနေတဲ့ အကောင့်တွေ အများကြီးကို ပိတ်လိုက်တယ်။ ဆန်ကုန်သည်တွေ ပါသလို ပဲကုန်သည်တွေ၊ သကြားကုန်သည်တွေ အားလုံးပါတယ်။ ကုန်သည်တွေ အနေနဲ့ ဆန်ဝယ်တဲ့သူတွေက တရုတ်ငွေနဲ့ တရုတ်ဘဏ် အကောင့်ထဲပဲ ထည့်ပေးတဲ့အတွက် တရုတ်ဘဏ်အကောင့်တွေ ဖွင့်ထားရတယ်။ အခုလို ပိတ်လိုက်တဲ့အတွက် ရောင်းထားပြီးသား ဆန်တွေအတွက် ပိုက်ဆံပေးချေချင်ရင်လည်း ဘယ်လို ပေးချေရမလဲ မသိဘူး။ ထပ်ရောင်းချဖို့ကလည်း ကုန်သည်တွေအနေနဲ့ မရောင်းရဲတော့ ငွေကြေးစီးဆင်းမှု အကြပ်အတည်းတွေကို ကြုံတွေ့ရတယ်။ ဒီလိုမျိုး အကောင့်ပိတ်မှုတွေ အရင်နှစ်တွေကလည်း ခဏခဏ ဖြစ်ပေါ်ဖူးပေမယ့် အခုလောက်အထိ အကောင့်အများကြီး ပိတ်တာမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် အရောင်းအ၀ယ်က လုံးဝရပ်သလောက် ဖြစ်နေတယ်။ ဒီအတိုင်း သွားနေရင် နောက်ဆက်တွဲအနေနဲ့က ကုန်သည်တွေကလည်း မသွားရဲ၊ မရောင်းရဲဘူး။ မပို့ရဲတဲ့အတွက် မရောင်းရတာနဲ့ အတူတူပဲ၊ အဲဒီအတွက် ဆန်ဈေးကွက် ပျက်သွားနိုင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။

ပြည်တွင်း ထွက်ရှိသည့် ဆန်အများစုမှာ မန္တလေး-မူဆယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ တင်ပို့ရောင်းချမှု အများဆုံးဖြစ်ပြီး လက်ရှိတွင် ကုန်တင်ပို့မှု ရပ်ဆိုင်းနေခြင်းကြောင့် ပြည်တွင်း ဆန်ဈေးကွက်တွင်လည်း ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ကုန်သည်အများစုမှာလည် ၀ယ်ယူမှု ရပ်တန့်ထားကြောင်း သိရသည်။

“တရုတ်ကို အဓိကတင်ပို့တာဖြစ်တဲ့အတွက် အရင်တုန်းက တစ်ရက်ကို ဒီကနေ အိတ်ရေ ၃၀၀၀ ကနေ ၆၀၀၀ ၀န်းကျင်အထိကို တင်ပို့ရတာတွေ ရှိတယ်။ အခုတော့ ရောင်းလို့မရဘူး။ လက်ရှိမှာတော့ တရုတ်လိုင်းက အ ရောင်းအ၀ယ် ရပ်တန့်နေတယ်။ ဒီဘက်က ကုန်သည်တွေကလည်း မပို့ရဲဘူး။ ဆန်ဈေးကွက်ကလည်း ကုန်သည်တွေက တရုတ်ဘက်ကို မပို့ရတဲ့အတွက် အ၀ယ်က ရပ်နေတော့ ထပ်မ၀ယ်ရဲဘူး။ ဈေးကျတယ် ဆိုပေမယ့် အရောင်းအ၀ယ် မဖြစ်ဘူး ရပ်နေတယ်”ဟု မန္တလေးမြို့ရှိ စံပြနွယ်ဆန်ပွဲရုံမှ ဒေါ်တင်တင်ခိုင်က ပြောကြားသည်။

တရုတ်ဘက်သို့ ဆန်တင်ပို့ရာတွင် ပြည်တွင်း၌ စားသုံးမှုနည်းသည့် ဆန်ကြမ်းအမျိုး အစားဆန်များ အဓိကထား တင်ပို့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရွှေဘိုနယ်ဘက်မှ ထွက်သော ဆန်များအများဆုံး တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ယင်းဆန်ဈေးနှုန်းများမှာ လက်ရှိတွင် ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ ၀န်းကျင်ခန့်အထိ လျော့ကျလျက်ရှိပြီး အရောင်းအ၀ယ်မှာလည်း ရပ်တန့်နေကြောင်း သိရသည်။

အဓိက ရောင်းချနေသည့် တရုတ်ဈေးကွက် ရပ်တန့်နေခြင်း အချိန်ကြာမြင့်ပါက ဆန်အပါအ၀င် အခြားသီးနှံ ဈေးကွက်များပါ ဈေးကွက်ပျက်၍ တောင်သူများ၊ ကုန်သည်များ အခက်အခဲများ ရှိနိုင်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မျှော်မှန်းကြောင်း ကုန်သည်များက ပြောကြားသည်။

Ref:Eleven Media

Related posts

လုပ်ငန်းခွင်ထဲက အလွဲစည်းကမ်းလေးတွေ…..

OMCTC

အချိန်ကောင်းစောင့်ရင်း အောင်မြင်မှု နောက်မကျစေဖို့

OMCTC

အင်တာဗျူးဖြေတော့မယ်ဆိုရင်

OMCTC

Leave a Comment