31 C
Yangon
June 24, 2018
  • Home
  • Uncategorized
  • ဘာစီလိုနာ၏ အထင်ကရ နေရာများကို ဖောက်ခွဲရန် စီစဉ်ထားဟု အဖမ်းခံရသည့် အကြမ်းဖက်အဖွဲ့ဝင် ထွက်ဆို 
Uncategorized

ဘာစီလိုနာ၏ အထင်ကရ နေရာများကို ဖောက်ခွဲရန် စီစဉ်ထားဟု အဖမ်းခံရသည့် အကြမ်းဖက်အဖွဲ့ဝင် ထွက်ဆို 

မြို့၏ အထင်ကရ နေရာများကို ဖောက်ခွဲ ဖျက်ဆီးရန်ပင် စီစဉ်ထားခဲ့ကြောင်း ဘာစီလိုနာ အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်သူ တစ်ဦးက စပိန်ရဲတပ်ဖွဲ့ထံ ထုတ်ဖော် ဝန်ခံခဲ့သည်။

မိုဟာမက် ဟူလီ ချမ်လဲလ်သည် စပိန်ရဲတပ်ဖွဲ့က အရှင်ဖမ်းမိသည့် အကြမ်းဖက် ကွန်ရက် အဖွဲ့သား လေးဦးအနက်မှ တစ်ဦးဖြစ်သည်။ ဘာစီလိုနာမြို့၏ အကျော်ကြားဆုံး ဆာဂရာဒါ ဖမ်မလီယာ ခရစ်ယာန် ဘုရားကျောင်းကြီး အပါအဝင် မြို့၏ ထင်ရှားကျော်ကြားသော၊ လူစည်ကားသော နေရာများတွင် ဖောက်ခွဲရေး ပစ္စည်းများ ထားရှိပြီး တိုက်ခိုက်ရန် မိမိတို့ စီစဉ်ခဲ့ကြောင်း ချမ်လဲလ်က ဝန်ခံသည်။

၎င်းနှင့် ဒရစ် အူကာဘာဆိုသူကို အကြမ်းဖက် အဖွဲ့အစည်းတွင် ဆက်စပ် ပါဝင်မှုဖြင့် ဖမ်းဆီးထားပြီး ဆာလားအယ်လ် ကာရစ်ဘ်ဆိုသူကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။ မိုဟာမက် အယ်လ်လား ဆိုသူကိုမူ လတ်တလောတွင် အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။

စပိန်ရဲတပ်ဖွဲ့က ဘာစီလိုနာနှင့် အနီးရှိ ကမ်ဘရီးလ်စ်မြို့များတွင် လူအုပ်ကို ကားဖြင့်ဝင်တိုက်မှု၊ အယ်လ်ကာနာမြို့ရှိ နေအိမ်တစ်လုံးတွင် မတော်တဆ ဗုံးပေါက်ကွဲမှုများ အားလုံးသည် မော်ရိုကိုအနွယ် လူငယ်များ စုစည်းထားသည့် အကြမ်းဖက် ကွန်ရက်တစ်ခု၏ လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။

စပိန်တရားရေး ဌာနနှင့် နီးစပ်သူများက ချမ်လဲလ်သည် ၎င်းတို့ အနေဖြင့် ပိုမိုကြီးမား ကျယ်ပြန့်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဘာစီလိုနာ မြို့ထဲတွင် ကျူးလွန်ရင်ပါ စီစဉ်ထားသည်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး အကြမ်းဖက် ကွန်ရက် အဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည်။ ၎င်းတို့အနက် ၂ ဦးမှာ မတော်တဆ ဗုံးကွဲမှုတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား ၆ ဦးကိုမူ ရဲတပ်ဖွဲ့က ရှင်းလင်း သုတ်သင်ခဲ့သည်။

ရဲတပ်ဖွဲ့ လက်ချက်ဖြင့် နောက်ဆုံး သေဆုံးခဲ့သူမှာ အသက် ၂၂ နှစ်အရွယ် ယူနက်စ် အဘူယာကွတ်ဘ်ဖြစ်ပြီး ၎င်းသည် ဘာစီလိုနာ မြို့လယ်တွင် လူအုပ်ထဲ ဗင်ကားဖြင့် ဝင်တိုက်ခဲ့သည့် အဓိက တရားခံဟု ကြေညာထားသည်။

စပိန်ရဲတပ်ဖွဲ့သည် ဖြစ်စဉ်နှင့် ဆက်စပ်၍ သံသယ တရားခံများကို စစ်ဆေးလျက် ရှိသလို ဘာစီလိုနာ မြို့ထဲတွင် နောက်ထပ် ဖြန့်ကျက် ရှာဖွေမှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref: BBC

Related posts

ရီးရဲလ်၏ ၃၄ ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကို ဘာကာချိုးဖျက်

OMCTC

ကိုယ်ပိုင်လုပ်ငန်းတည်ထောင်မည့်သူတိုင်း သတိပြုဆင်ခြင်သင့်သည့် အချက်(၅)ခု

OMCTC

ထိုင်းအာဏာပိုင်များ၏ ဆိုးရွားသော ဆက်ဆံမှုကို ခံခဲ့ရကြောင်း လိပ်ကျွန်းလူသတ်မှု သေဆုံးသူ ဟန်နာ၏အစ်မ ဖွင့်ဟ

OMCTC

Leave a Comment